Monday, September 9, 2013

၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားများ ရခိုင်ပြည်နယ်အနှံ့ ကျင်းပ

  Created on Tuesday, 10 September 2013 01:38

စက်တင်ဘာ ၉ ရက်က ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရခိုင်ပြည်နယ် အနှ့အပြားရှိ မြို့များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်တွေမြို့တွင် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆွမ်းကပ်လှူ ပူဇော်ခြင်းများနှင့် ပန်းခွေချခြင်းများကို ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်းမှ ပါတီများ ဖြစ်ကြသော ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပါတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့်အတူ ဆရာတော် ရုပ်တုရှိရာ ဦးဥတ္တမပန်းခြံသို့ လာရောက်ကာ ပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆရာတော် သီတင်းသုံး နေထိုင်ခဲ့သော ကျောင်းတိုက် တစ်ခုဖြစ်သည့် ရွှေစေတီ ကျောင်းတိုက်တွင်လည်း ဆွမ်းကပ်လှူခြင်း၊ ဆရာတော်ကြီး၏ ဓာတ်ပုံများ ပြသခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့ကလည်း ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ''ဆရာတော်ကို မမေ့ကြဖို့ အဓိကရည်ရွယ်ပြီး လုပ်ကြတာဖြစ်တယ်။ ဆရာတော်ဟာ မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် သံဃာတော်တစ်ပါး ဖြစ်သလို နယ်ချဲ့အင်္ဂလိပ်ကို မကြောက်တရားများ ဟောကြားခဲ့တဲ့အပြင် မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူလည်း ဖြစ်တယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဆရာတော်ကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ရော သတိရတမ်းတ အောက်မေ့တဲ့ အနေနဲ့ရော ဂုဏ်ပြုကြတာဖြစ်တယ်'' ဟု ဆရာတော်၏ ရုပ်တုရှေ့တွင် ပန်းခွေချ ဂါရ၀ပြုသူ တစ်ဦးက ပြောကြားသည်။ ရခိုင်ပြည်နယ်အတွင်း ဆရာတော် ပျံလွန်သည့်နေ့တွင် အခမ်းအနားများ ကောင်းမွန်စွာ ကျင်းပခွင့် ရရှိခဲ့သည်မှာ နှစ်နှစ်ခန့်သာ ရှိသေးပြီး ယခင်က ပန်းခွေများဖြင့် လာရောက်ပူဇော် သူများကိုပင် ဖမ်းဆီးအရေးယူ ခဲ့ခြင်းများ ရှိခဲ့သည်။ ဆရာတော် ဦးဥတ္တမ သီတင်းသုံးခဲ့သော ရွှေစေတီ ကျောင်းဆရာတော် အရိယ၀ံသက ''ဗိုလ်ချုပ်အောင်ဆန်းတောင် ဆရာတော်ရဲ့ မိန့်ကြားချက်တွေကို နားထောင်ပြီး နိုင်ငံရေးသမား ဖြစ်လာတာပါ။ ဘာကြောင့် အသိအမှတ် မပြုနိုင်ကြတာလဲ ဆိုတာ မပြောတတ်အောင်ပါပဲ။ ဆရာတော် ငယ်စဉ်က ဒီကျောင်းမှာ နေခဲ့ဖူးတယ်။ ဒါကြောင့် ရွှေစေတီကျောင်းကို ဦးဥတ္တမကျောင်းလို့ ခေါ်သူတွေလည်း ရှိနေတယ်။ ဆရာတော်ဟာ မျိုးချစ်ပုဂ္ဂိုလ် တစ်ပါးဖြစ်သလို မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို နိုင်ငံရေး မျက်စိစတင် ဖွင့်ပေးခဲ့သူလည်း ဖြစ်တယ်။ မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းပြီး ပထမဆုံး ထောင်ကျခဲ့ရတဲ့ သံဃာတော် တစ်ပါးလည်း ဖြစ်တယ်။ ကျေးဇူးရှင်ကို ကျေးဇူးမကန်းကြဖို့၊ မမေ့ကြဖို့ လိုတယ်။ ဒီနေ့လို အခမ်းအနားတွေ လုပ်ကြတာ ကောင်းပါတယ်'' ဟု မိန့်ကြားသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 10-9-2013 https://www.facebook.com/excellencemedia   

http://mrcopyboy.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment