Monday, September 9, 2013

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်း ပထမဆုံး အဆင့်မြှင့်တင်မှု ရန်ကုန်-ပဲခူး လမ်းပိုင်းတွင် ပြုလုပ်မည်

် Created on Monday, 09 September 2013 22:59

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်း ပထမဆုံး အဆင့်မြှင့်တင်မှုကို ရန်ကုန်- ပဲခူး လမ်းပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာမီးရထား ၀န်ကြီးဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံ၏ အဓိက ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ယခုအခါ ရန်ကုန်-ပဲခူး ရထားလမ်းပိုင်းအား စံပြအဖြစ် ပထမဆုံး စတင်လုပ်ကိုင်ခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ရန်ကုန်-ပဲခူး လမ်းပိုင်းအတွင်းရှိ ကီလိုမီတာ ၂၀ အား သတ်မှတ်ထားပြီး မည်သည့်နေရာမှ စတင်မည်ကို လာမည့် နှစ်ပတ်အတွင်း ဆုံးဖြတ်မည် ဖြစ်ကြောင်း ဦးကျော်ကျော်မျိုးထံက သိရသည်။ ''စက်တင်ဘာ ၃ ရက်က အစည်းအဝေး လုပ်တယ်။ ဒီလမ်းပိုင်းမှာ ဘယ်နေရာက စပြီးတော့ လုပ်နိုင်မလဲ ဆိုတာကို သတ်မှတ်ဖို့ အတွက်ပါ။ ဒါပေမဲ့ မသတ်မှတ်နိုင်သေးဘူး။ အတိအကျတော့ အချိန်နှစ်ပတ် အတွင်းမှာ အဖြေပေးရတော့မှာပါ'' ဟု ဦးကျော်ကျော်မျိုးက ပြောကြားသည်။ လက်ရှိတွင် ဂျပန်နိုင်ငံမှ ပညာရှင်များ အနေဖြင့် ရန်ကုန်-ပဲခူး လမ်းပိုင်းအား လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်နေပြီး ပြင်ဆင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းများကိုလည်း ဂျပန်နိုင်ငံက တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံ အနေဖြင့် လုပ်သားအင်အား၊ ဇလီဖာ၊ သံလမ်းနှင့် ကျောက်တို့အား ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ ဦးကျော်ကျော်မျိုးက ''လမ်းပိုင်းပြင် ဖို့အတွက် စက်ပစ္စည်း ၇၀ ကျော်လောက်ကို ဂျပန်က အဓိက တာဝန်ယူမယ်။ ကျွန်တော်တို့ မီးရထားဌာနပိုင်းကတော့ လုပ်သားတွေ၊ သံလမ်းတွေနဲ့ အခြားလိုအပ်တာတွေကို ပေးရမှာဖြစ်ပါတယ်'' ဟု ဆိုသည်။ ရန်ကုန်-ပဲခူး ရထားလမ်းပိုင်း အဆင်မြှင့်တင်မည့် အချိန်တွင် လိုအပ်ပါက အစုန်-အဆန် လမ်းတစ်လမ်းသာ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ပဲခူး မီးရထားလမ်းပိုင်းမှ တစ်ဆင့် နေ့စဉ် အစုန်-အဆန် ရထားစုစုပေါင်း ၂၂ စီး အသုံးပြု ပြေးဆွဲနေသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 10-9-2013 https://www.facebook.com/excellencemedia   

http://pktjoker.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment