တရုတ်နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ တရားမဝင် တင်သွင်းဝင်ရောက်လျက်ရှိသော ကျန်းမာရေး ထောက်ခံချက် မရှိသည့် စားသုံးရန်မသင့်သော အရည်အသွေးနိမ့် ကုန်ပစ္စည်း ဝင်ရောက်မှု ထိန်းချုပ်နိုင်ရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးဝင်းမြင့်က ပြောကြားသည်။ ကုန်သွယ်မှု မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်၏ တာဝန်ရှိသူများအကြား နှစ်လတစ်ကြိမ် တွေ့ဆုံလေ့ရှိရာ ယခုလာမည့် နိုဝင်ဘာလခန့်တွင် ကျင်းပမည့် တွေ့ဆုံပွဲ၌ အရည်အသွေးနိမ့် ကုန်စည်ဝင်ရောက်မှု ထိန်းချုပ်ရန် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။ အမျိုးသားအစားအသောက် ဥပဒေကို အတည်ပြုရန် လွှတ်တော်သို့ တင်သွင်းထားရာ ယင်းဥပဒေ ပေါ်ထွက်လာပါက ပြည်တွင်းဈေးကွက် အတွင်းရှိ စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိနှင့် စားသုံးသူ နစ်နာချက်များကို ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။ ပြည်တွင်းဈေးကွက် အတွင်းရှိ စားသုံးသူများအကြား တရုတ်စာတန်းပါသည့် စားသောက်ကုန်များကို မစားကြရန် စားသုံးသူအချင်းချင်းကြား သတိပေးမှုများ ရှိလာကြောင်း မန္တလေးမြို့တော်ရှိ ဒေသခံများက ပြောကြားသည်။ မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိသော တရုတ်နိုင်ငံထုတ် စားသောက်ကုန်များတွင် လိုအပ်သည့် ကုန်ပစ္စည်းအညွှန်းများကို နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာဖြင့် ရေးသားရန် ၂၀၁၃ ခုနှစ်ဆန်းပိုင်းက ကျင်းပသည့် တရုတ်-မြန်မာ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ တရုတ်နယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့် ပိတ်ထားသည့် အေးခဲဘဲသား၊ ကြက်သား၊ အသားတု၊ ကြက်အူချောင်း၊ ကြက်အသည်းအမြစ်၊ ဟိုတယ်သုံး စားသောက်ကုန်များ၊ ချောကလက်၊ ချိုချဉ်၊ ပိုးသတ်ဆေးရည်၊ ခြင်နိုင်ဆေးခွေ၊ ပီကေ၊ ခေါက်ဆွဲခြောက်၊ စီးကရက်ဘူးများ တင်သွင်းလျက်ရှိရာ ယင်းတင်သွင်းခွင့် ပိတ်ထားသည့် ကုန်စည်များကို Mobile Team စစ်ဆေးစဉ် တွေ့ရှိရပါက ဖျက်ဆီးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းေ၇ာင်းဝယ်ရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment