Thursday, September 12, 2013

လွှတ်တော်တွင် ပေးထားသော ကတိအတိုင်းအစိုးရက မလုပ်ဆောင်ဟု ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းထားသည်

 လွှတ်တော်တွင် ပေးထားသော ကတိအတိုင်းအစိုးရက မလုပ်ဆောင်ဟု ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းထားသည့် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စု အစိုးရအဖွဲ့ လက်အောက်ခံ လုပ်ငန်း ၂၆ ခုကို ပထမအကြိမ် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောကြားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှ ဝန်ကြီးဌာန လုပ်ငန်းများကို အဖွဲ့လေးဖွဲ့ခွဲကာ စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ တစ်ပတ်ကြာကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ ကော်မတီအနေဖြင့် ယခင်က ဝန်ကြီးဌာနများ လွှတ်တော်သို့ လာရောက်ဖြေကြားချက်များအပေါ် မူတည်၍သာ စိစစ်ခဲ့သော်လည်း လွှတ်တော်ဥပဒေများအရ လိုအပ်လျှင် ကွင်းဆင်းစစ်ဆေးနိုင်သည်ဟု ဖော်ပြထား၍ ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင်ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရှိန်ကျော်ဝင်းက ပြောကြားသည်။ “အရင်ကတော့ လွှတ်တော်ထဲတင် ကတိကဝက်တွေ လုပ်တာ မလုပ်တာ ကြည့်တာကိုး။ အခုက လိုအပ်ရင် ဆင်းစစ်နိုင်တယ်လို့ နည်းဥပဒေမှာပါတော့ စီမံချက်ဆွဲပြီး လွှတ်တော်ဥက္ကဋ္ဌ ဆီတင်ထားတာ” ဟု ၎င်းက ဆိုသည်။ အစိုးရဝန်ကြီးဌာနများ၏ လွှတ်တော်တွင် ဖြေကြားချက်များ ပေါ်မူတည်၍ ကတိကဝတ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကော်မတီက သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ခေါ်ယူစစ်ဆေးရကြောင်း အဆိုပါကော်မတီထံမှ သိရသည်။ သြဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အစိုးရဝန်ကြီးဌာနများ ကတိအတိုင်း လုပ်ဆောင်ခြင်း မရှိကြောင်း အဆိုပါ ကော်မတီက လွှတ်တော် သို့အစီရင်ခံစာ တင်သွင်းခဲ့သည်။ ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနများက ကတိပြုလုပ်ငန်းပေါင်း ၁၀၄၉ ခု ဆောင်ရွက်ရန် ကျန်ရှိနေပြီး ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ကတိကဝတ် အကောင်အထည်ဖော်ရန် ကျန်ရှိနေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment