အံကိုတင်းတင်းကျိတ် မျက်စိစုံမှိတ်လို့ ပိန်းပိတ်အောင်မှောင်နေတဲ့ အနာဂါတ်အတွက် အမေငိုနေတယ်။ ဒီမြေမှာအမေ့အဖိုးနေခဲ့တယ် ဒီမြေမှာအမေ့အဖေနေခဲ့တယ် ဒီမြေမှာအမေနေခဲ့တယ်။ ရွာတောင်ဖက် ချောင်းဆိုးနဘေး မှော်ဝန်းလေးမှာ အဖိုးရဲ့ သင်္ချိုင်းရှိတယ်။ ရွာတောင်ဖက် ချောင်းဆိုးနဘေး မှော်ဝန်းလေးမှာ အဖေ့သင်္ချိုင်းရှိတယ်။ ရွာတောင်ဖက် ချောင်းဆိုးနဘေး မှော်ဝန်းလေးမှာ အမေသေချင်တယ်။ အမေ့အတွက် နေစရာနဲ့သေစရာလေး ရှာပေးပါ သားရယ်။ အမေ့ဘ၀ တဆုံးတစ လယ်သူမဘ၀ ခံယူခဲ့တာပါ။ နေထွက်ကနေ၀င် ဒီလယ်ပြင်တဆုံး တပြုံးပြုံးနဲ့ အမေပျော်ခဲ့တာပါ။ တိုက်တာအိုးအိမ် ရွှေစိမ်ပစ္စည်း တပ်မက်ညီးတွား လိုချင်တာများ မရှိခဲ့ပါဘူး။ ရွာဦးကျောင်းက တုန်းမောင်းခေါက်သံ ကြေးစီသံကြား ဗုဒ္ဓတရားနဲ့ မွေ့ ပျော်သူပါ။ အခုတော့ အမေ့နိဗ္ဗာန်ဘုံလေး ပျောက်ဆုံးခဲ့ရပြီ။ လူလိမ်တွေကို အမေမုန်းတယ်။ အကျင့်ပျက်သူတွေကို အမေမုန်းတယ်။ လောဘသမားတွေကို အမေမုန်းတယ်။ သူတို့ သူတို့တွေကိုအမေ မုန်းတယ်သား။ အမေ သားတို့အဖိုး ခွတ်ဒေါင်းမျိုးပါ သွေးသံရဲရဲ သွေးအိုင်ထဲမှာ ခွတ်ဒေါင်းစိတ်ဓါတ် ခွတ်ဒေါင်းအားမန် ခွတ်ဒေါင်းသံပြင်း ဟစ်ကြွေးရင်းက သူ့ကျွန်သဘောက် ခေတ်အောက်မှာလ နောက်ဆုံးထွက်သက် တိုက်ပွဲဆက်တွက် လမ်းမထက်မှာ ပေးဆက်ခဲ့သူ ကိုအောင်ကျော်ဆိုသူပါ။ အမေ သားတို့အဖေလေ အရေးဆိုလက်မနှေး လွတ်လပ်ရေး ချက်ချင်းပေး မြင်းခွာတချက်ပေါက် မီးဟုန်းဟုန်းတောက်စေမဲ့ ကိုဗဟိန်းဆိုတာပေါ့ သူအမုန်းဆုံးက ခွတ်ဒေါင်းသံပျောက် ကျီးသံပေါက်လို့ ခွတ်ဒေါင်းမျိုးဖျက် တိုက်ပွဲထက်က လမ်းခွဲထွက်သူ ဘယ်သူမဆိုကို ရေးရေးမှခွင့်မလွတ်သူ လွတ်လပ်ရေးဗိသုကာ ဆိုသူပါ။ အမေ သားတို့ခွတ်ဒေါင်း တဖြောင်းဖြောင်း လက်ခမောင်းခတ် တိုက်ပွဲသံပေး အမေတို့ဘေးမှာ အမေတို့ရှေ့ မှာ ရှေ့ နောက်ဝန်းရံလို့ အသေခံဘို့အသင့်ပါဘဲ။ အမေ့မြေတွေ အမေ့ရေတွေ အမေ့မျက်ရည်တွေတွက် သားတို့ခွတ်ဒေါင်း ရာဇ၀င်မပြောင်းစေရပါဘူး။ ခွတ်ဒေါင်းတွေဟာ ဓါးတောင်တွေကျော် မီးပင်လယ်တွေဖြတ် လုပ်ဇာတ်တွေမမှတ်နဲ့ ထိုးဇာတ်တွေမမှတ်နဲ့ ဘ၀အစစ်တွေနဲ့ မှတ်ကျောက်တင် ရှင်ဘုရင်တွေကို ပုလင်ပေါ်ကဆွဲချ တိုက်ပွဲစဉ်ဆက်ခဲ့ကြ ငါတို့သမိုင်း မရိုင်းခဲ့တာ ကမ္ဘာကုန်တည်သရွေ့ ပါဘဲ။ အမေကမွေး ထောင်ကကျွေးဟေ့ ခွတ်ဒေါင်းသွေး ရဲရဲနီ ပြည်သူဆီ ချီတက်ကြ ပြည်သူကို ကာကွယ်ကြ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ မျှတမှုအတွက် တိုက်ပွဲဝင်ကြ အမေတို့အတွက် တိုက်ပွဲဝင်ကြ။ ကိုအောင်မှိုင်း ( တော်သလင်းလ ဂ ရက် ၁၃၇၄ ခုနှစ်) (မုံရွာမျိုးဆက်သစ်ခွတ်ဒေါင်းများနဲ့ အခြားမျိုးဆက်သစ်ခွတ်ဒေါင်းများအတွက် ဂုဏ်ပြုကဗျာလေးပါ။) http://pktkmk.blogspot.com/?m=1
No comments:
Post a Comment