Thursday, September 12, 2013

မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုကို အဆင့်မြှင့်တင်သည့် အနေဖြင့် RBE အဲကွန်းရထားကို အောက်တိုဘာလတွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း

  မြန်မာ့မီးရထား (အောက်မြန်မာပြည်)မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။ ရန်ကုန်မြို့တွင် မြို့ပတ်ရထား ပြေးဆွဲမှုသည် တစ်နေ့လျှင်၂၁ စင်း ပြေးဆွဲပေးလျက်ရှိသည်။ ၁၄ စင်းမှာ မြို့ပတ် ဆင်ခြေဖုံးရထား အမျိုးအစား များဖြစ်ပြီး ကျန်ခုနစ်စင်းမှာ ရိုးရိုး RBE အမျိုးအစားများ ဖြစ်သည်။ အဆိုပါ ရထားတွဲများကို အဆင့်မြှင့်တင်သည့် အနေဖြင့် ဧပြီလမှ စတင်၍ မြို့ပတ် ဆင်ခြေဖုံးရထား ၁၄ စင်းကို အထူးတွဲဆိုင်း တစ်တွဲစီ လစဉ်တပ်ဆင်ပေးခဲ့ရာ စက်တင်ဘာ ၁၀ ရက်က နောက်ဆုံး အပြီးသတ် တပ်ဆင်ပေးနိုင်ခဲ့သည်။ ထိုသို့ အထူးတွဲဆိုင်းများ တပ်ဆင်ပေးမှုကို ပြည်သူများက ကျေနပ်နှစ်သက်ကြ၍ တွဲဆိုင်းများ ထပ်မံတပ်ဆင်ပေးရန် တောင်းဆိုမှု များလည်း ရှိခဲ့သည်။ ယခုအခါ မြို့ပတ်ရထားများကို ကမ္ဘာ့နိုင်ငံများကဲ့သို့ ပြည်သူများသွားလာမှု အဆင်ပြေလွယ်ကူစေရန်နှင့် လူတန်းစားမရွေး ခရီးသွားများ အဆင့်မြင့်မြင့်ဖြင့် စီးနင်းနိုင်စေရန် ရည်ရွယ်၍  လာမည့် အောက်တိုဘာလတွင် RBE အဲကွန်း ရထားတစ်စင်းကို ရန်ကုန်မြို့၌ မကြာမီထပ်မံ စတင်ပြေးဆွဲပေးတော့မည်ဖြစ်သည်။ “ဒီရထားကို စတင်ပြေးဆွဲပေးဖို့ ရည်ရွယ်တာကတော့ အခုအခါမှာ ရန်ကုန်မြို့ဟာ လူနေထူထပ် များပြားလာသည့်အလျောက် မြို့ပတ်ရထားစီး ခရီးသည်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာပါတယ်။ အဲဒါကြောင့် ဂျပန်နိုင်ငံက ဝယ်ထားတဲ့ ဒီ RBE အဲကွန်း ရထားကို ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲဖို့ လုပ်ခဲ့တာပါ။ ဘာကြောင့်လဲ ဆိုတော့ ခုနောက်ပိုင်းမှာ မြို့ပတ်ရထားတွေကို ပြည်ပနိုင်ငံခြားသားတွေ ပိုစီးလာတာ တွေ့နေရပါတယ်။ ကားလမ်းတွေကပိတ်ပြီး လမ်းတွေက ကျပ်တာလည်းပါတယ်။ ဈေးနှုန်းကတော့ မြို့ပတ်ရထားပြေးဆွဲပေးတဲ့ မူအတိုင်း ဈေးနှုန်းကို သက်သက်သာသာနဲ့ ပြေးဆွဲပေးမှာပါ။ ဈေးနှုန်းကိုတော့ အခုချိန်ထိ မသတ်မှတ်ရသေးပါဘူး” ဟု ဦးကျော်ကျော်မျိုးက ထပ်မံရှင်းပြသည်။ အဆိုပါ RBE အဲကွန်းရထားသည် မကြာမီက စတင်ပြေးဆွဲပေးသည့် ရန်ကုန်-ကျိုက်ထို- ရန်ကုန် ကဲ့သို့ ရထားမျိုးဖြစ်ပြီး လူစီးတွဲသုံးတွဲပါ၍ တွဲခေါင်းနှစ်တွဲ ပါမည်ဖြစ်သည်။ အဲကွန်းရထားဖြစ်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် ကုန်ပစ္စည်းများကို တင်ဆောင်ခွင့်ပြုမည် မဟုတ်သည့်အပြင် ခုံမဲ့စီးခြင်းကိုလည်း ခွင့်ပြုပေးမည် မဟုတ်ကြောင်း သိရသည်။ အဆိုပါ ရထားသည် တွဲဆိုင်းတစ်တွဲလျှင် အဲကွန်းလေးလုံးစီ ပါရှိမည်ဖြစ်ပြီး အင်ဂျင်ပိုင်းတွင်လည်း အဲကွန်းပိုင်းဆိုင်ရာနှင့် စက်ခေါင်းပိုင်ဆိုင်ရာများအတွက် အပိုအင်ဂျင်တစ်လုံးစီ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားများ အဆင်ပြေစွာဖြင့် လျင်လျင်မြန်မြန် သတ်မှတ်သည့် အချိန်မှန်ရောက်အောင် သံလမ်းခုံးကျော်တံတားများကိုလည်း ထပ်မံတိုးချဲ့ ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။ ယခုအခါ ရန်ကုန်မြို့၌ မြို့ပတ်ရထား ကားလမ်းကူးဂိတ် ၂၅ ခုရှိပြီး အဆိုပါဂိတ်များကို အဆင့်မြှင့်တင်သည့်အနေဖြင့် အော်တိုဂိတ်များအဖြစ် ပြောင်းလဲ တပ်ဆင်ရန် JICA ၏ ရန်ကုန်မြို့ပြ အဆင့်မြှင့်တင်မည့် အစီအစဉ် တစ်ရပ်တွင် ပါဝင်ထည့်သွင်းထားကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ ""  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment