Monday, September 9, 2013

မှောင်ခိုပစ္စည်းများ ဖမ်းဆီးမိပါက ထောင်ဒဏ်နှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းဖြင့် အရေးယူမည်

 Created on Monday, 09 September 2013 22:42

တရားမ၀င် တင်သွားလာသည့် မှောင်ခိုပစ္စည်းများ ဖမ်းဆီးရမိပါက ယခင်က ပိုင်ရှင်မှ ဒဏ်ကြေး ပေးဆောင်ကာ ပစ္စည်းပြန်လည် ရယူနိုင်သည့်စနစ် ရှိခဲ့သော်လည်း ယခုအခါ ပို့ကုန်သွင်းကုန် ဥပဒေပါ ထောင်ဒဏ်နှင့် သက်သေခံ ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းဖြင့် အရေးယူမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရုံးမှ သိရသည်။ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဖွဲ့စည်းပေးခဲ့ပြီး ကုန်သွယ်မှု ပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်မှု စခန်းများနှင့် နေရာအသီးသီး၌ တရားမ၀င် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ထိရောက်စွာ အရေးယူနိုင်ရန် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တရားမ၀င် ကုန်သွယ်မှုများကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူနိုင်ရန် အတွက် စက်တင်ဘာ ၁၆ ရက်မှစ၍ ပို့ကုန်သွင်းကုန် ဥပဒေ(၂၀၁၂) နှင့် အခြားတည်ဆဲ ဥပဒေများဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အရေးယူရာတွင် ကန့်သတ်တားမြစ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို တင်ပို့ခြင်း၊ တင်သွင်းခြင်းများကို စစ်ဆေးတွေ့ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေဖြင့် လည်းကောင်း၊ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများ (တင်ပို့၊ တင်သွင်းခွင့်လိုင်စင်၊ ပါမစ်ရယူရန်) ကို ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တင်ပို့တင်သွင်းခြင်းအား စစ်ဆေးတွေ့ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေဖြင့် လည်းကောင်း၊ အထက်တွင် ဖော်ပြခဲ့သည့် ကုန်ပစ္စည်းမှအပ ကျန်ရှိသော တင်ပို့/တင်သွင်းခြင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး အလွဲ၊ အမှား၊ အပို စသည့်စစ်ဆေး တွေ့ရှိမှုများအား ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေအရ လည်းကောင်း အသီးသီး အရေးယူ သွားမည်ဟု သိရသည်။ ပို့ကုန်သွင်းကုန် ဥပဒေအခန်း(၄) တားမြစ်ချက်များတွင် မည်သူမျှ ကန့်သတ်တားမြစ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရ၊ မည်သူမျှ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရ၊ မည်သည့် ခွင့်ပြုချက် ရရှိသူမျှ ခွင့်ပြုချက်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားပြီး အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပို့ကုန်သွင်းကုန် ဥပဒေတွင် ဖော်ပြထားသည်။ ပို့ကုန်သွင်းကုန် ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်အားထုတ်သူ သို့မဟုတ် အားပေးကူညီသူအား ယင်းပြစ်မှုကို ကျူးလွန်သူဖြစ်ဘိ သကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည့် အပြင် ပြစ်မှုကျူးလွန်ရာ၌ အကျူံးဝင်သော သက်သေခံ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ရန်ကုန် ဆိပ်ကမ်းနယ်မြေ၊ ကမ်းရိုးတန်း ဆိုင်ရာ ဆိပ်ကမ်းများနှင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ နယ်မြေများတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးရေးအတွက် စစ်ဆေးခဲ့ရာတွင် ပညာပေး ကာလဖြစ်သည့် သြဂုတ် ၁၂ မှ ၃၁ ရက်အတွင်း ကန့်သတ် ကုန်ပစ္စည်းများ အပါအ၀င် အမှုတွဲ ၁၇ ခု ကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ ပညာပေး ကာလအတွင်း လိုင်စင်အလွဲ၊ အပိုသယ်ဆောင် လာသည့်အတွက် တားဆီးခဲ့သည့် အမှုများ လည်းရှိပြီး သိမ်းဆည်း အမှုတွဲ လေးခုနှင့် ယာယီတားဆီး အမှုတွဲ ၁၃ ခု ရှိခဲ့ကြောင်း သိရသည်။ ယင်းကာလ အတွင်း တားဆီးခဲ့သည့် အကောက်ခွန်မဲ့ သယ်ဆောင်လာသော ပစ္စည်းများတွင် ငါးဖမ်းပိုက်သုံး ဗောသီးများ၊ ဆံပင်ဆိုးဆေး၊ အဆင့်မြင့်ဓာတ်ဆီ၊ အလှကုန်ပစ္စည်း ဘူးခွံများ၊ သကြား၊ အိမ်သုတ်ဆေး၊ ၀ိုင်ယာကြိုး၊ မူလီနှင့် မူလီခေါင်း၊ အချိုရည်၊ ကော်ဖီမစ်၊ ကလေးမွေ့ရာတို့ ပါဝင်ကြောင်း သိရသည်။ တရားမ၀င် ကန့်သတ်ကုန်များ ဖြစ်သည့်အရက်၊ ဘီယာ၊ ဖဲထုပ်၊ ဆင်ဆာမဲ့ (မြန်မာ၊ နိုင်ငံခြား) ဗီဒီယိုခွေများကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 9-9-2013 https://www.facebook.com/excellencemedia  

 http://mrcopyboy.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment