ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာတွင် လူအုပ်စုနှစ်ခုအကြားပဋိပက္ခများဖြစ်ပွားမှုကိုစတင်စေခဲ့သည့် အမျိုးသမီး တစ်ဦးကို ... ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာတွင် လူအုပ်စုနှစ်ခုအကြားပဋိပက္ခများဖြစ်ပွားမှုကိုစတင်စေခဲ့သည့် အမျိုးသမီး တစ်ဦးကို အဓမ္မကျင့်ရန်ကြံစည်မှုနှင့် ပတ်သက်၍ တရားစွဲခံရသူများကို စက်တင်ဘာ ၄ ရက် တွင် မြို့နယ်တရားရုံးက စီရင်ချက်ချမှတ်လိုက်ပြီဖြစ်သည်။ သြဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သည့် ထိုကိစ္စကို ၁၂ ရက်အကြာတွင် တရားရုံးကစီရင်လိုက်ခြင်းဖြစ်ပြီး တရားခံ ကိုဆန်းမင်းဦး(ခ) လွှတ်ခမန်းကို ထောင်ဒဏ်ခုနစ်နှစ် တရားရုံးကအပြစ်ပေးလိုက်သည်။ ၎င်းသည် သူ့ကို စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ၃၅၄ ကြောင့် ထောင်ဒဏ်နှစ် နှစ်နှင့် ပြစ်မှုဆိုင်ရာဥပဒေ ၃၇၆ ကြောင့် ထောင်ဒဏ်ငါးနှစ်သီးခြားစီကျခံရမည်ဟု တရားသူကြီး ဦးငွေထွန်းက အမိန့်ထုတ်သည်။ ထိုသူကိုတရားစွဲထားသည့် တရားလိုမှာ စခန်းမှူးရဲအုပ် ၀င်းမြင့်ဖြစ်ပြီး ဇီးကုန်း ရဲစခန်းတွင် အမှုဖွင့်ပြီး ကန့်ဘလူ တရား ရုံး၌အမှုရင်ဆိုင်ခြင်းဖြစ်သည်။ ယခုတရားရုံးမှ စီရင်လိုက်သည့်အပေါ် တရားခံဘက်မှ အယူခံဝင်၊ မ၀င်ကိုမူ မဇ္ဈိမက စုံစမ်း၍ မရသေးပေ။ တရားရုံးက အမိန့်ချပြီးသည်နှင့် ကိုဆန်းမင်းဦးကို ဇီးကုန်းရဲစခန်းမှ ဒု-ရဲ အုပ်တစ်ဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ က ကားဖြင့်တင်ကာ မန္တလေးထောင်သို့ ပို့ဆောင်ခဲ့သည်။ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာမှ စတင်သည့် ပဋိပက္ခသည် ယခုအမှုကို အခြေတည်၍ဖြစ်ပွားသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သလို ထိုပဋိပက္ခကြောင့် အိမ် ၄၄ လုံးနှင့် ဈေးဆိုင် ၁၂ ခုမီးလောင်ကာ သံသယရှိသူ ၁၂ ဦးကို အာဏာပိုင်တို့က ဖမ်းဆီးထားသည်ဟု တရားဝင်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment