Wednesday, September 4, 2013

တရားမ၀င် ကုန်သွယ်မှု ပညာပေး ကာလအတွင်း ကုန်းလမ်းမှ ၀င်ရောက်လာသည့် တရားမ၀င် ကုန်ပစ္စည်းများကို ဆက်လက်စစ်ဆေးသွားမည

် Created on Wednesday, 04 September 2013 19:14 ရန်ကုန်ဆိပ်ကမ်းနယ်မြေ၊ ကမ်းရိုးတန်းဆိုင်ရာ ဆိပ်ကမ်းများနှင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ နယ်မြေများတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးရေးအတွက် စစ်ဆေးခဲ့ရာတွင် ပညာပေးကာလဖြစ်သည့် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အတွင်း ကန့်သတ်ကုန်ပစ္စည်းများ အပါအ၀င် အမှုတွဲ ၁၇ ခုကို တားဆီးနိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ကုန်းတွင်းပိုင်းမှ ၀င်ရောက်လာမည့် တရားမ၀င် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရန်အတွက် ကုန်းလမ်းဝင်ပေါက် အချို့တွင်လည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရုံးမှ သိရသည်။ ပညာပေးကာလဖြစ်သည့် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အတွင်း တရားမ၀င်ကုန်သွယ်မှု တားဆီးရေးအတွက် ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း Mobile Team အဖွဲ့များမှ စစ်ဆေးခဲ့ရာတွင် တရားမ၀င် ကန့်သတ်ကုန်ပစ္စည်းများဖြစ်သည့် အရက်၊ ဘီယာ၊ ဖဲထုပ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး အခြားကုန်ပစ္စည်းများကိုမူ ဒဏ်ကြေးငွေ ပေးဆောင်စေကာ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း စစ်ဆေးမှုပြုလုပ်ခဲ့သည့် ဆိပ်ကမ်းများမှာ ယုဇန၊ သာကေတ၊ ကျန်းမာရေး၊ ၀ါးတန်း၊ ချောင်းဝ၊ ဗားဂရာနှင့် ဘုရင့်နောင် ဆိပ်ကမ်းတို့ဖြစ်ကြောင်း သိရသည်။ ပညာပေးကာလအတွင်း လိုင်စင်အလွဲ၊ အပိုသယ်ဆောင်လာသည့်အတွက် တားဆီးခဲ့သည့် အမှုများလည်းရှိပြီး သိမ်းဆည်းအမှုတွဲ လေးခုနှင့် ယာယီတားဆီး အမှုတွဲ ၁၃ ခု ရှိခဲ့ကြောင်း သိရသည်။ ယင်းကာလအတွင်း တားဆီးခဲ့သည့် အကောက်ခွန်မဲ့ သယ်ဆောင်လာသော ပစ္စည်းများတွင် ငါးဖမ်းပိုက်သုံး ဗောသီးများ၊ ဆံပင်ဆိုးဆေး၊ အဆင့်မြင့်ဓာတ်ဆီ၊ အလှကုန်ပစ္စည်း ဘူးခွံများ၊ သကြား၊ အိမ်သုတ်ဆေး၊ ၀ိုင်ယာကြိုး၊ မူလီနှင့်မူလီခေါင်း၊ အချိုရည်၊ ကော်ဖီမစ်၊ ကလေးမွေ့ယာတို့ ပါဝင်ကြောင်း သိရသည်။ တရားမ၀င် ကန့်သတ်ကုန်များဖြစ်သည့် အရက်၊ ဘီယာ၊ ဖဲထုပ်၊ ဆင်ဆာမဲ့ (မြန်မာ၊ နိုင်ငံခြား) ဗီဒီယိုခွေများကိုလည်း တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ကုန်းတွင်းပိုင်းမှ ၀င်ရောက်လာမည့် တရားမ၀င် ကုန်ပစ္စည်းများအား တားဆီးထိန်းချုပ်နိုင်ရန်အတွက် ကုန်းလမ်းဝင်ပေါက် အချို့တွင်လည်း မကြာမီ စစ်ဆေးရန် ပြင်ဆင်နေကြောင်း သိရသည်။ ကုန်းတွင်းပိုင်းတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးရာ၌ ပညာပေးကာလ ရှိမည်မဟုတ်ဘဲ အရေးယူကာလအဖြစ်သာ သတ်မှတ်ဆောင်ရွက် သွားမည်ဟု သိရသည်။ တရားမ၀င် အကောက်ခွန်မဲ့ သယ်ဆောင်လာခြင်း၊ သွင်းကုန်ကြေညာလွှာ၊ လိုင်စင်ထက် ပိုမိုသယ်ဆောင်လာခြင်း၊ အမယ်ကွဲလွဲ တင်ဆောင်လာခြင်း၊ ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းများ စစ်ဆေးတွေ့ရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားပြီး သယ်ဆောင်သူနှင့် သယ်ဆောင်လာသည့် ယာဉ်များကို ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment