Tuesday, September 10, 2013

>ရန်ကုန်-မန္တလေး အမြန်လမ်း အပါအ၀င် ကုန်းလမ်းလေးနေရာတွင် တရားမ၀င် ကုန်သွယ်မှုများကို လှုပ်ရှားရှာဖွေ တားဆီးအဖွဲ့များဖြင့် စစ်ဆေးအရေးယူမည်

  Eleven Media Group < Thanks Re-posted By ACM 11-9-2013 https://www.facebook.com/excellencemedia "Created on Tuesday, 10 September 2013 19:52 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးသို့ ၀င်ရောက်မည့် ကုန်းလမ်းနေရာ လေးခုတွင် တရားမ၀င် ကုန်သွယ်မှုများကို လှုပ်ရှားရှာဖွေ တားဆီးရေး အဖွဲ့များဖြင့် စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။ တရားမ၀င် ကုန်သွယ်မှုများကို လှုပ်ရှားရှာဖွေ တားဆီးရေး အဖွဲ့များဖြင့် စစ်ဆေးသွားမည့် နေရာလေးခုမှ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-ရန်ကုန် ပြည်ထောင်စုလမ်း၊ ကြီးလေးကြီးလမ်း (တိုက်ကြီး၊ ဖောင်ကြီး၊ ဖူးကြီး၊ ဘုရားကြီး) နှင့် ခရမ်း-သုံးခွ လမ်းများဖြစ်ကြောင်း သိရသည်။ "ရန်ကုန်တိုင်းဒေသကြီး အတွင်းကို ၀င်နိုင်မယ့် ကုန်းလမ်းနေရာ လေးခုမှာ တရားမ၀င် ကုန်သွယ်မှုတွေ၊ သယ်ဆောင်လာမှုတွေကို လှုပ်ရှားရှာဖွေ တားဆီးစစ်ဆေးရေး အဖွဲ့လေးခုနဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘယ်ရက်မှာ စတင်မယ် ဆိုတာကိုတော့ မပြောနိုင်သေးပေမယ့် မကြာခင် စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်" ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆိပ်ကမ်းနယ်မြေများ၊ ရန်ကုန်မြစ်ကြောင်းတစ်လျှောက်၊ ကမ်းရိုးတန်းသွား ပြည်တွင်းသင်္ဘောများတွင်လည်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် သြဂုတ် ၁၂ ရက် မှ ၃၁ ရက်အထိ ပညာပေးကာလဖြင့် စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၆ ရက်မှစ၍ တရားမ၀င် ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ ကုန်းတွင်းပိုင်းတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးရာ၌ ပညာပေးကာလ ရှိမည်မဟုတ်ဘဲ အရေးယူကာလအဖြစ်သာ သတ်မှတ်ဆောင်ရွက် သွားမည်ဟု သိရသည်။ တရားမ၀င် အကောက်ခွန်မဲ့ သယ်ဆောင်လာခြင်း၊ သွင်းကုန်ကြေညာလွှာ၊ လိုင်စင်ထက် ပိုမိုသယ်ဆောင်လာခြင်း၊ အမယ်ကွဲလွဲ တင်ဆောင်လာခြင်း၊ ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းများ စစ်ဆေးတွေ့ရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားပြီး သယ်ဆောင်သူနှင့် သယ်ဆောင်လာသည့် ယာဉ်များအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဖွဲ့စည်းပေးခဲ့ပြီး ကုန်သွယ်မှုပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်မှု စခန်းများနှင့် နေရာအသီးသီး၌ တရားမ၀င် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ထိရောက်စွာ အရေးယူနိုင်ရန် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရားမ၀င် ကုန်သွယ်မှုများ လျော့နည်းပပျောက် စေရန်အတွက် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ (Mobile Team) များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားကာ ယခုနှစ် ဇွန်လအတွင်း အဆိုပါ လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To > Eleven Media Group < Thanks Re-posted By ACM 11-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment