လူနှင့် မူကိစ္စ မြန်မာလူမှုပတ်ဝန်းကျင်တွင် မည်သို့သော အမှုကိစ္စ ဆောင်ရွက်သည်ဖြစ်စေ ကြုံရတတ်သည်မှာ အကြံပြုခြင်း၊ ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းတို့ ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်စေ၊ အများပြည်သူနှင့်ဆိုင်သော ကိစ္စဖြစ်စေ၊ အများအကျိုး ရှေးရှုသော ကိစ္စဖြစ်စေ အထက်ဆိုခဲ့ပါ တုံ့ပြန်မှု လေးမျိုးဖြင့် ကြုံရလေ့ရှိသည်။ ယခင်စနစ်ဆိုးနှင့် များစွာကွဲပြားကာ မိမိတို့ ဆန္ဒရှိသည်များကို လွတ်လပ်စွာ ထုတ်ဖော်၊ ပြောဆို၊ ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချိခွင့်ရှိလာသော ယနေ့ကာလတွင်မူ အဆိုပါ တုံ့ပြန်မှုလေးမျိုး ပါဝင်သော အကြောင်းအရာစုံကို ပြည်သူလူထု ကျယ်ပြန့်စွာ ထိတွေ့ခွင့် ရလာခဲ့သည်။ ထိုသို့ထိတွေ့ခွင့်ရသဖြင့် အသံကျယ်ကျယ် ပြောနိုင်သူများ၊ လိုချင်သည့် သတင်းအချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို ကြည့်စေချင်၊ မြင်စေချင်သည့် ရှုထောင့်တစ်ခုမှ ဘောင်ခတ် မီးမောင်းထိုးနိုင်သူများ တစ်နည်းအားဖြင့် တစ်ဖက်စောင်းနင်း မှတ်ချက်စကားများဖြင့် ရေးသား၊ ထုတ်လွှင့်၊ ဖြန့်ချိနိုင်သော ဝါဒဖြန့်၊ လှုံ့ဆော်ရေးသက်သက် မီဒီယာများက ပြည်သူလူထုအပေါ် လွှမ်းမိုးရန် ကြိုးစားလာလေ့ ရှိတတ်သည်။ နှစ်ပေါင်းများစွာ ဖိနှိပ်မှုအောက်တွင် ဒဏ်ရာများစွာ ဖြင့်နေလာခဲ့သည့် ပြည်သူလူထု အနေနှင့်လည်း ဘုံရန်သူသဖွယ် ဖြစ်နေခဲ့သော အစိုးရ ဆိုသည်ကို ယနေ့ ခေတ်ပြောင်းနေသော ကာလတွင် အုပ်ချုပ်စီမံခန့်ခွဲရေး အာဏာတစ်ခုသာရှိသည့် အင်စတီကျူးရှင်း တစ်ခုအဖြစ် မမြင်နိုင်သေးပေ။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ အစိုးရ ဘက်တော်သားဟူသော တံဆိပ်ကပ်၍ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ် တစ်ဦးဦးကို နိုင်ငံရေးအရ လုပ်ကြံတတ်ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ရွေးကောက်ပွဲသည် ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်ရေးအတွက် အခြေခံကျသော နိုင်ငံရေးဖြစ်စဉ် Political Process တစ်ရပ် ဖြစ်ပေါ်လာမည့် ရေခံမြေခံတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ အင်အားစုများအနေနှင့် လွှတ်တော်တွင် အင်အားကြီးပါတီတစ်ခုက ထင်ရာစိုင်းခွင့် မရရှိစေရန် ပြည်သူလူထုနှင့် နိုင်ငံတော် အကျိုးအလို့ငှာ အနိမ့်ဆုံးအဆင့် အတိုက်အခံပါတီ အနေနှင့် ဝင်ရောက် ထိန်းညှိပေးနိုင်ရေး အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် စေတနာကောင်းဖြင့် The Voice Weekly က ဆော်သြတိုက်တွန်းခဲ့သည်။ ထိုတိုက်တွန်းမှုကြောင့် ထိုစဉ်က လူထု၏ ဘုံရန်သူသဖွယ် ဖြစ်နေသော အစိုးရနှင့် ဘက်တစ်ဖက်တည်းရှိသူ၊ ရွေးကောက်ပွဲ ထောက်ခံသူအဖြစ် တံဆိပ်ကပ်ကာ ဆန့်ကျင်ရှုတ်ချ ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အချို့ဆိုလျှင် ပုဂ္ဂိုလ်ရေး ကိစ္စများကိုပါ ထိပါးတိုက်ခိုက်ခဲ့သည်အထိ အငြိုးတကြီး ရန်ငါစည်း ခွဲခြားခဲ့သည်။ The Voice Weekly အနေနှင့် ထို တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ကာ မိမိတို့ ယုံကြည်ချက် ရှိသည့်အတိုင်း စေတနာအပြည့်ဖြင့် မမှိတ်မသုန် ရပ်တည်ရေးသားခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။ ထိုစေတနာအတိုင်း တစ်ချိန်ချိန်တွင် ပြန်လည် အကျိုးပေးမည်။ တစ်နည်းအားဖြင့် စေတနာမှန်လျှင် ကံဖြစ်မည်ဟု ယုံကြည်ထားသည့်အတွက် ယနေ့တိုင် ထိုလမ်းကြောင်းအတိုင်း ရပ်တည်နေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အတွေးအခေါ်၊ အယူအဆ၊ မူဝါဒတစ်ခု၊ စီမံကိန်း၊ စီမံချက် တစ်ရပ်ကို သဘောမတူခြင်း၊ ကန့်ကွက်ခြင်းမှာ သဘောထား ကွဲလွဲမှုများကို လက်ခံ နားလည်ပေးသည့် Agree to Disagree သဘောအရ ပြောစရာမရှိပေ။ ကွဲလွဲမှုများရှိလျှင် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းဖြင့် ဘုံသဘောတူညီချက်တစ်ခု ရရှိရန် အဖြေရှာကြရသည်မှာလည်း သီအိုရီသဘော ဖြစ်သည်။ ထို့အတူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခု၏ စရိုက်လက္ခဏာလည်း ဖြစ်သည်။ သို့သော် သဘော မတူညီမှု ကြုံလာရပါက အနုတ်လက္ခဏာ သဘောသက်သက် အပြစ်တင်၊ အဆိုးပြောခြင်းမှာမူ ဒီမိုကရေစီ အခြေခံသဘောတရားများနှင့် ဆန့်ကျင်နေပေသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ ဂုဏ်အင်္ဂါနှင့်လည်း သွေဖည်နေပေသည်။ ဘောလုံးစကားနှင့် ပြောရပါက ကစားကွင်းတွင် ဘောလုံးမကန်ဘဲ လူကိုသာကန်ခြင်းသည် အားကစားစိတ်ဓာတ် မပြည့်ဝခြင်း တစ်နည်းအားဖြင့် ယဉ်ကျေးမှု အဆင့်နိမ့်ကျခြင်းကို ဖော်ညွှန်းသည်။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝများတွင်သော် လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင်သော် လည်းကောင်း သဘောထား ကွဲလွဲမှုများ ကြုံရဦးမည် ဖြစ်သည်။ ထိုသို့ကြုံတွေ့ရာတွင် လူနှင့်မူ ကွဲပြားစွာ ရှုမြင်ကာ ဘောလုံးသက်သက်ကန်သော ကစားပွဲများဖြင့်သာ ပို၍ယဉ်ကျေးသော၊ ပို၍ဖွံ့ဖြိုးသော၊ ပို၍ အဆင့်မြင့်သော လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်နိုင်ပေမည်။ ဤနေရာတွင် ရွှေင်္ဟသာဆရာတော်ကြီး မိန့်ဆိုခဲ့သည့် ‘အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မငဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့’ ဟူသော ဆုံးမစာကို ဖော်ပြလိုပေသည်။ မည်သို့ပင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ လုပ်ကြံမှုများ ရှိနေစေကာမူ ရွှေင်္ဟသာ ဆရာတော်ကြီး ဆုံးမသည့်အတိုင်း အမြဲစိတ်ကောင်း နှလုံးကောင်းထားကာ အများပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးကို စတုတ္ထမဏ္ဍိုင် ပီပီသသ ပရော်ဖက်ရှင်နယ်ကျကျ ရိုးသားဖြောင့်မတ်စွာ ရပ်တည်သွားမည် ဖြစ်ကြောင်း သစ္စာပြုနိုင်သည်။ ထိုသစ္စာ မှန်ကန်ပါက The Voice သည် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး ဖြောင့်ဖြူးသာယာစွာ ဆက်လက်သယ်ပိုး ထမ်းဆောင်နိုင်ပါစေသတည်း။ The Voice နှင့် လူပုဂ္ဂိုလ်အပေါ် အဆိုးမြင်၊ အပြစ်ပြော၊ တိုက်ခိုက်၊ လုပ်ကြံသူများသည်လည်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။ အယ်ဒီတာ (၈-၉-၂၀၁၃) (စက်တင်ဘာလ ၉ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) အေးချမ်းမွန် Credit To > The Voice Weekly < Thanks Re-posted By ACM 9-9-2013 https://www.facebook.com/excellencemedia http://pktkmk.blogspot.com/?m=1
No comments:
Post a Comment