Created on Tuesday, 10 September 2013 00:32
မန္တလေးတွင် ညပိုင်းအချိန်တွင် ယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာ Alcohol Tester ဖြင့် အရေးယူမှု စတင်နေပြီ ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။ ညပိုင်းအချိန်တွင် ကားနှင့် ဆိုင်ကယ်များကို မူးယစ်သောက်စားပြီး အဆင်ခြင်မဲ့ မောင်းနှင်မှုများအား အရေးယူနိုင်ရန် သြဂုတ်လ အတွင်းက စတင်၍ ကားများသာမက ဆိုင်ကယ်များပါ အဆက်မပြတ် စစ်ဆေးခဲ့ကြောင်း သိရသည်။ သို့သော် စစ်ဆေးနေမှု အဆင့်သာရှိပြီး အရေးယူရသည့် ဖြစ်စဉ်မရှိခဲ့သဖြင့် စစ်ဆေးသည့်အချိန် ပြောင်းလဲခဲ့ကြောင်း ညစဉ် Alcohol Tester ဖြင့် စစ်ဆေးရာတွင် ဦးဆောင်ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ဒုရဲမှူးတစ်ဦးက ပြောကြားသည်။ ''ည ၇ နာရီလောက် စစ်တော့ မတွေ့ရဘူး။ ဒါနဲ့ ည ၉ နာရီ နောက်ပိုင်း ပြောင်းစစ်လိုက်တော့မှ အရက်အလွန်အကျွံမူးပြီး ယာဉ်မောင်းတဲ့ သူတွေကို အရေးယူ နိုင်တာပါ။ အဲဒီအချိန်လောက်မှပဲ ဘီယာဆိုင်၊ အရက်ဆိုင် တွက ပြန်လာချိန်တွေ ဆိုတော့ ပိုပြီးထိရောက်ပါတယ်။ ကိရိယာရဲ့ ဒသမ ၇ သတ်မှတ်နှုန်း တိုင်းထက် ကျော်လွန်ရုံ သာမကဘဲ ဒသမ ၁၀၀ ကျော်အောင်ထိ မူးနေတဲ့သူ နှစ်ဦးကိုတော့ ခေါင်းကို မထောင်နိုင်အောင် ဖြစ်နေလို့ မဖြစ်မနေ အရေးယူပါတယ်။ တချို့ ကိရိယာမှာ အရက်သောက်ထားကြောင်း ပြပေမယ့်လည်း အလွန်အကျွံ မဟုတ်ရင် အရေးမယူပါဘူး'' ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ဒုရဲမှူး မိုးညွန့်ထွန်းက ဆိုသည်။ 8.1.1 မန္တလေးမြို့တွင် စက်တင်ဘာ ၈ ရက်ညက ယာဉ်မောင်းများအား အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးနေစဉ် Alcohol Tester ဖြင့် ညပိုင်းအချိန် စစ်ဆေးမှုများတွင် ဆိုင်ကယ်မောင်းသူ အချို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှောင်တခင် စစ်ဆေးသည် ထင်သဖြင့် ထွက်ပြေးမှုများ ရှိကြောင်း၊ ထိုသို့ မဖြစ်စေရန်အတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ အပါအ၀င် လုံခြုံရေးများပါ ပူးပေါင်းဆောင်ရွက်ရကြောင်း ပြောကြားခဲ့သည်။ ''ညပိုင်း ဆိုင်ကယ်ဦးထုပ် မဆောင်းတာကျတော့ ယာဉ်ထိန်းရဲကတားရင် လန့်ပြီး မောင်းပြေးကြတယ်။ ဒါကြောင့် အင်အား အပြည့်ဝိုင်းပြီး တားရသလို Alcohol Test စစ်တာပါ။ အရေးမယူပါဘူးဆိုပြီး ပါးစပ်ကနေ အော်ပြောပေးမှ ရပ်ကြတယ်။ ဒါမှမဟုတ်ရင် မောင်းပြီးအက်စီးဒင့် ဖြစ်တာမျိုးတွေ ဖြစ်တတ်လို့ပါ'' ဟု ဒုရဲမှူး မိုးညွန့်ထွန်းက ဆက်လက် ပြောကြားခဲ့သည်။
အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 10-9-2013 https://www.facebook.com/excellencemedia
http://mrcopyboy.blogspot.com/?m=1 http://pktkmk.blogspot.com/?m=1
No comments:
Post a Comment