Tuesday, September 10, 2013

နယ်စပ်ဒေသ ဆေးယဉ်ပါးငှက်ဖျား တိုက်ဖျက်ရေးအတွက် 3MDG ရန်ပုံငွေပိုသုံးမည် ရန်ကုန်၊ စက်တင်ဘာ ၉

 ကျန်းမာရေးကဏ္ဍအတွက် ခြောက်လှန့်နေသော ဆေးယဉ်ပါး ငှက်ဖျားရောဂါ အတွက် 3MDG (ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ) က ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက် တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အခြားရောဂါ နှစ်မျိုးထက် ရန်ပုံငွေများ ပိုအသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ 3MDG ရုံး၏ တာဝန်ရှိသူများထံမှ သိရသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ငှက်ဖျားရောဂါအတွက် အသုံးပြုမည့် ရန်ပုံငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၂ သန်းဖြစ်ပြီး တီဘီ အတွက် ၁၀ ဒသမ ၂ သန်းနှင့် HIV/AIDS အတွက် လေးသန်းဖြစ်သည်။ နိုင်ငံတစ်ဝန်း ငှက်ဖျားရောဂါတိုက်ဖျက်ရေး အတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ရန်ပုံငွေ ထောက်ပံ့ပေးသော်လည်း ဆေးယဉ်ပါး ငှက်ဖျားအတွက် ထောက်ပံ့မှု အားနည်းနေ သေးသည့်အတွက် 3MDG က ဖြည့်စွက်ပံ့ပိုးခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ထောက်ပံ့မှု နည်းသည့်အတွက် ရောဂါသုံးမျိုး (HIV/AIDS ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ) တိုက်ဖျက်ရေးတွင် ငှက်ဖျား ရောဂါသည် ရန်ပုံငွေ အများဆုံး ရရှိခြင်းဖြစ်ကြောင်း 3MDG မှ ဒေါက်တာအေးယုစိုးက ရှင်းလင်း ပြောကြားသည်။ ဆေးယဉ်ပါး ငှက်ဖျားရောဂါသည် တနင်္သာရီတိုင်းဒေသကြီးမှ ဒေသအနှံ့အပြားသို့ တဖြည်းဖြည်း ပြန့်ပွားခဲ့ရာ ယခုအချိန်တွင် နယ်စပ်ဒေသနှင့် နီးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ဆေးယဉ်ပါးငှက်ဖျားရောဂါ တိုက်ဖျက်ရေးများ ဆောင်ရွက်နေပြီဖြစ်ကြောင်း 3MDG မှ ပြည်သူ့ ကျန်းမာရေး အရာရှိ ဒေါက်တာအေးယုစိုးက The Voice သို့ ပြောကြား သည်။ မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် စီမံချက်မြို့နယ် ၂၁ မြို့နယ်မှ ယခုနှစ်တွင် ၁၃ မြို့နယ် ထပ်မံ တိုးမြှင့်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ငှက်ဖျားတိုက်ဖျက်ရေး စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ "မြန်မာအတွက် အခုအချိန်မှာ ငှက်ဖျားက အရေးကြီးတဲ့ အနေအထား တစ်ခုရောက်နေပြီ" ဟု မြန်မာနိုင်ငံရှိ 3MDG ရုံးမှ ရန်ပုံငွေညွှန်ကြားရေးမှူး ဒေါက်တာ ပေါလ်ဆန်ဒါက The Voice သို့ ပြောကြားသည်။ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေသည် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ HIV/AIDS ၊ တီဘီရောဂါ ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအပြင် မိခင်နှင့် ကလေးကျန်းမာရေးနှင့် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အားကောင်းလာစေရေးအတွက် ကူညီပံ့ပိုးသွားရန် စီစဉ်ထားသည်။  

 http://mrcopyboy.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment