Created on Wednesday, 11 September 2013 17:35 ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး ဗဟိုဇုန် စီမံကိန်းဖြစ်သော မင်းဓမ္မ စီမံကိန်းအတွက် မြေငှားရမ်းခြင်းအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို တင်ဒါများ စတင်ခေါ်ယူနေပြီး လုပ်ကိုင်လိုသူများ အနေဖြင့် အာမခံ စပေါ်ငွေ အမေရိကန်ဒေါ်လာ တစ်သန်းတင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး ဗဟိုဇုန် စီမံကိန်းကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေဧက ၃၆ ဒသမ ၅၅၁ ဧကပေါ်တွင် အကောင်အထည်ဖော်မည် ဖြစ်သောကြောင့် အဆိုပါ မြေနေရာအား ငှားရမ်းရန်အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအပြင် ပြည်တွင်းနှင့်ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းများကိုလည်း တင်ဒါခေါ်ယူ ထားခြင်းဖြစ်ကြောင်း သိရသည်။ ဒုတိယစီးပွားရေး ဗဟိုဇုန်စီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့် ရုံးခန်းအဆောက်အအုံများ တည်ဆောက်လုပ်ကိုင်ခြင်းများ ပါဝင်ပြီး တင်ဒါအတွက် စာရွက်စာတမ်း အပြည့်အစုံကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ ငွေစာရင်းအမှတ် 1-DA-06-91886 (MFTB) သို့ ပြည်ပငွေစာရင်းလွှဲ ပြောင်းခြင်းနည်းလမ်းဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးသွင်း၍ လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ငွေသွင်းချလန်ယူပြီး ရန်ကုန်မြို့တော်ဘဏ်တွင် မြန်မာကျပ်ငွေ ၁၀ သိန်း ပေးသွင်း၍ စက်တင်ဘာ ၁၉ ရက် မှစတင်ကာ ၀ယ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာများ ၀ယ်ယူပြီး မည်သည့်အကြောင်းရင်းနှင့်မျှ ငွေပြန်အမ်းမည် မဟုတ်ကြောင်း သိရသည်။ တင်ဒါများအား ဒီဇင်ဘာ ၂ ရက် မတိုင်မီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် တင်သွင်းရမည်ဖြစ်ပြီး တင်ဒါတင်သွင်းမှု အာမခံ စပေါ်ငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိ သက်တမ်းခြောက်လရှိသော ဘဏ်အာမခံ ပါရှိရမည်ဖြစ်ပြီး ယင်းဘဏ်အာမခံကို ပြည်တွင်း(သို့) မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၏ အဆက်အသွယ်ဘဏ်ဖြစ်သော ပြည်ပဘဏ်မှ ထုတ်ပေးခြင်း ဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။ တင်ဒါဖွင့်လှစ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့တော် စည်ပင်ရုံး၌ တင်ဒါတင်သွင်းသူ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ပြုလုပ်မည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့်နေ့ကို အကြောင်းကြားပေးမည်ဟု သိရသည်။ ရန်ကုန်မြို့လယ် စီးပွားရေး ဗဟိုဇုန်ဖြစ်သော ဆူးလေအနီးတစ်ဝိုက်သည် ယာဉ်သွားလာ နေထိုင်မှုများဖြင့် သိပ်သည်းကျပ်တည်း လာသည့်အတွက် ဒုတိယမြို့လယ် စီးပွားရေး ဗဟိုဇုန်အား မဖြစ်မနေ ခွဲထုတ်ရန် လိုအပ်လာသည်ဟု မြို့ပြစီမံကိန်း ပညာရှင်များက အကြံပြုခဲ့ရာ မင်းဓမ္မစီမံကိန်းအား အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 12-9-2013 https://www.facebook.com/excellencemedia
http://mrcopyboy.blogspot.com/?m=1 http://pktkmk.blogspot.com/?m=1
No comments:
Post a Comment