Eleven Media Group < Thanks Re-posted By ACM 21-9-2013 https://www.facebook.com/excellencemedia ">မန္တလေးတိုင်း အတွင်းရှိ မှတ်ပုံတင်၌ လူမျိုးမှားယွင်းနေသူ တိုင်းရင်းသားများ လာမည့်ရွေးကောက်ပွဲ မတိုင်မီ လူမျိုးအမှန် အမြန်ဆုံးပြောင်းလဲ လျှောက်ထားရန် လိုအပ် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မှတ်ပုံတင်တွင် လူမျိုးမှားယွင်းနေသူ တိုင်းရင်းသားများ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လူမျိုးအမှန် အမြန်ဆုံး ပြောင်းလဲလျှောက်ထားရန် လိုအပ်ကြောင်း စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ သတ္တမပုံမှန် အစည်းအဝေးတွင် မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးစိုင်းမောင်လှ၏ လူမျိုးအရင်း အစစ်အမှန် ဖြစ်စေရန်အတွက် မှတ်ပုံတင် ကတ်ပြားများကို စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသော မေးခွန်းကို ဖြေကြားရာ၌ ၀န်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ဒေသခံ တိုင်းရင်းသား လူမျိုးများ အနေဖြင့် လူမျိုးမှားယွင်း နေသူများ ရှိပါက ကာယကံရှင် အနေဖြင့် လူမျိုးအမှန် ပြောင်းလဲရန် ဆန္ဒရှိပါက လာမည့်ရွေးကောက်ပွဲအကြို ပြင်ဆင်မှုကာလ မတိုင်မီ အချိန်မီ လူမျိုးအမည် ပြင်ဆင်ရေး ခိုင်လုံသော အထောက်အထားများဖြင့် သက်ဆိုင်ရာမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီဌာနမှူး ရုံးများသို့ အမြန်ဆုံး လျှောက်ထားကြရန် လိုအပ်ပါသည်" ဟု ၀န်ကြီးက တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၀န်ကြီးက လူမျိုးမှားယွင်းနေ၍ ပြင်ဆင်လိုပါက ကာယကံရှင် ကိုယ်တိုင်မှ ခိုင်လုံသည့် အထောက်အထားများနှင့်တကွ လျှောက်ထားရပြီး တင်ပြသည့် အထောက်အထား မှန်ကန်မှု ရှိ/မရှိအား ကာယကံရှင်က တာဝန်ခံရပြီး အခြားသူက ကာယကံရှင်ကိုယ်စား ဆောင်ရွက်၍ မရကြောင်း၊ လူမျိုးပြင်ဆင်ခွင့် ပြုသည့်အခါ ကာယကံရှင်၏ လူမျိုးရေး သွင်းထားသည့် ကိုယ်ရေးမှတ်တမ်း နိုင်-၂ တွင် လည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား သတ်မှတ်ပေးသည့် နိုင်-၄ ပုံစံတွင် လည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် လည်းကောင်း ပြောင်းလဲသည့် လူမျိုးအမှန်တို့အား လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ပြန်လည်ပြင်ဆင် ပေးရကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးကပင် ကာယကံရှင် အနေဖြင့် လူမျိုးအမည် မှားယွင်းနေသည်မှာလည်း မိဘများတွင် လူမျိုးအမည် မှားယွင်းနေခြင်း ကြောင့်သာဖြစ်၍ သားသမီး၏ လူမျိုးအမည် ပြင်ဆင်ခွင့်ပေးရန် မလျှောက်ထားမီ မှားယွင်းမှု ရှိနေသည့် မိဘက ဦးစွာလူမျိုးအမည် ပြင်ဆင်ပေးရန် လျှောက်ထားခွင့်ပြုချက် ရပြီးမှ သားသမီးက လျှောက်ထားရန် လိုအပ်ကြောင်းနှင့် သို့မှသာ မူလမိဘများ၏ လူမျိုးအမည်နှင့် ကိုက်ညီဆီလျော်မည်ဖြစ်ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 21-9-2013 https://www.facebook.com/excellencemedia http://pktkmk.blogspot.com/?m=1
No comments:
Post a Comment