ဘတ်စ်ကားပေါ်မှ အကျည်းတန်မှုတစ်ခု ယနေ့သည် အတိတ်မှ အကျည်းတန်အရုပ်ဆိုးမှုများကို ပြုပြင်လျက် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည် လျှောက်လှမ်းနေသော ကာလဖြစ်ပါသည်။ နိုင်ငံတော်ပိုင်း ကလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် နိုင်ငံတော်၏ အနာဂတ် လှပရေးအတွက် နည်းမျိုးစုံနှင့် ပြုပြင်နေရသည့် ကာလဖြစ်သလို ပြည်သူများဘက်မှလည်း တစ်ဦး တစ်ယောက်ချင်း စည်းကမ်းရှိစွာဖြင့်၊ တာဝန်သိစွာဖြင့် မိမိတို့၏ ဘ၀၊ နိုင်ငံတော်၏ အနာဂတ်လှပရေးအတွက် တာဝန်ရှိနေကြပြီဖြစ်ပါသည်။ ဤကဲ့သို့ အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းနေကြရာ တွင် ပို့ဆောင်ရေးကဏ္ဍသည်လည်း တစ်ကဏ္ဍအပါအဝင် ဖြစ်ပါသည်။ ရန်ကုန်မြို့တော်အတွင်း ခရီးသည်တင်ယာဉ် ပို့ဆောင်ရေးကဏ္ဍ စည်းကမ်းတကျ လှပလာအောင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ(မထသ)သည် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စေရေးအတွက် မော်တော်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ ထိရောက်စွာ ဆောင်ရွက်နေသည်ကို သိရပါသည်။ ထိုကဲ့သို့ အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် မှုများကြားမှာပင် ကျွန်တော် ကြုံတွေ့ခဲ့ရသော အရုပ်ဆိုး၊ အကျည်းတန်မှုတစ်ခုကို ဝိုင်းဝန်းပြုပြင်နိုင်စေရန် အပြု သဘောဖြင့် တင်ပြလိုက်ရပါသည်။ စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပါ သည်။ ကျွန်တော်သည် ဒဂုံမြို့သစ်သို့ ကိစ္စတစ်ခုဖြင့် သွားရောက်ရန် တာမွေဈေးမှတ်တိုင်မှ (၃၉ အထူးယာဉ်) ဖြင့် တက်ရောက်စီးနင်းလိုက်ပါလာခဲ့ပါသည်။ ထိုယာဉ် သည် သင်္ဃန်းကျွန်း မီးပွိုင့်အလွန်တွင် အခြား(၃၉)ယာဉ် တစ်စီးကို အတင်းကျော်တက်ကာ အတင်းလု၍ မောင်းနှင် ပါတော့သည်။ အခြား ယာဉ်များကိုလည်း အတင်းဝင် အတင်းထွက် အရှိန်ကိုမြှင့်၍ လုပြိုင်မောင်းနှင်ပါတော့ သည်။ ထိုစဉ် အနှေးယာဉ်တစ်စီးကို တိုက်မိမလိုဖြစ်ပြီး အတင်းဘရိတ်ကိုဆောင့်နင်းလိုက်၍ ယာဉ်ပေါ်က ခရီး သည်များ ဒယီးဒယိုင်ဖြစ်ကာ ဘုရား “တ”ကာ လိုက်ပါလာရ ပါတော့သည်။ ကျွန်တော်လည်း မိမိကိုယ်မိမိ အန္တရာယ် မဖြစ်စေရန် အမိအရ ကိုင်တွယ်လျက် ဘုရား ဂုဏ်တော်မျိုးစုံ ကိုသာ ရွတ်ဖတ်ကာ လိုက်ပါလာခဲ့ရပါသည်။ ထိုယာဉ်သည် သင်္ဃန်းကျွန်းစံပြဈေးအလွန်တွင် ယာဉ်နောက်လိုက်က “ကားကြီးဂိတ်၊ တံတားဖြူ၊ လမ်းဆုံ” ပါလားဟူ၍ မှတ်တိုင်သုံးတိုင်လောက်ကို တစ်ပြိုင်နက် ရွတ်ဆိုမေးမြန်းမှုကို ကြားလိုက်ရပါသည်။ ခရီးသည်များ၏ တုံ့ပြန်မှုကို မစောင့်၊ “သံလမ်းရောက်အောင် မောင်း”ဟူသော ပြောဆိုသံကိုလည်း ကြားလိုက်ရပါသည်။ ကျွန်တော်လည်း နောက်ဆုံး ခုံတွင်ထိုင်၍ လိုက်ပါလာရာက ထပြီး ကားကြီးဂိတ်မှတ်တိုင်အလွန်တွင် လက်ကိုင်တန်းများ ကို အသေအချာကိုင်တွယ်၍ ဒယီးဒယိုင်ဖြင့် ယာဉ်နောက် လိုက်ရှိရာအပေါက်ဝသို့ ချဉ်းကပ်ကာ “တောင်၊ မြောက် လမ်းဆုံ” ပါကြောင်း ပြောရပါသည်။ ကျွန်တော် ဆင်းရ မည့် မှတ်တိုင်မရောက်မီ နှစ်မှတ်တိုင်အလိုတွင် ဖြစ်ပါ သည်။ ယာဉ်နောက်လိုက်က “လမ်းဆုံ”ပါ သွားပြီဆရာလို့ လှမ်းအော်သံကြားရပါသည်။ ယာဉ်မောင်းထံမှ တုံ့ပြန်သံ တစ်ခုကြားလိုက်ရပါသည်။ “မရတော့ဘူး ဟေ့”တဲ့။ ထိုစဉ် တံတားဖြူမှတ်တိုင်မရောက်မီ ဘုရင့်နောင်လမ်းဆုံ မီးပွိုင့် တွင် ယာဉ်ကို ဘုရင့်နောင်လမ်းဘက်သို့ ချိုးကွေ့မောင်းနှင် ပါတော့သည်။ ထိုလမ်းသည် (၃၉)ယာဉ် မောင်းနှင်ရမည့် လမ်းမဟုတ်ပါ။ ခရီးသည်တင်ယာဉ် မဝင်ရသည့် လမ်းဖြစ် ပါသည်။ ကျွန်တော်ဆင်းလိုသည့် လမ်းဆုံမှတ်တိုင်လည်း မရောက်နိုင်တော့ပါ။ ထိုအခါတွင် ကျွန်တော်သည် ယာဉ်နောက်လိုက်အား ကျွန်တော်ဆင်းရမည့်မှတ်တိုင် နှစ်တိုင်အလိုတွင် ကြိုပြော ခဲ့ကြောင်း၊ ယခု မောင်းနေသည့်လမ်းသည် (၃၉)ယာဉ်သွား ရမည့် လမ်းမဟုတ်ကြောင်း ပြောပါသည်။ ထိုအခါတွင် ယာဉ်မောင်းက ကျယ်လောင်သောအသံဖြင့် “မင်းဘာဖြစ်ချင်လဲ” လို့ ရန်လိုသည့် အသံဖြင့် အော်ဟစ်မေးမြန်းကာ ယာဉ်ကို ထိုးရပ်လိုက်ပါသည်။ ထိုယာဉ်မောင်းသည် ကျွန်တော့်ထက် အသက်များစွာ ငယ်သူတစ်ယောက်ဖြစ်ပါ သည်။ ကျွန်တော်ယာဉ်ပေါ်မှ ဆင်းချိန်တွင် “ခင်ဗျားလို အသက်ကြီးလည်း ဂရုမစိုက်ဘူး၊ ခင်ဗျားဘာဖြစ်ချင်လဲ” ဟု ပြောဆိုရုံ တင်မက ရိုင်းပျစွာ ဆဲဆိုကာ ကျွန်တော့်ကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ရန်ပြုရန် အတင်းပြေးဆင်း လာပါသည်။ ကျွန်တော်လည်း ထိုသို့ ရိုင်းပျလွန်းသူ၊ ဒေါသမောဟဖုံးလွှမ်းနေသူနှင့်ယှဉ်ပြီး တုံ့ပြန်ရန် ရှက်လွန်း ၍ ယာဉ်မှ ထွက်ခွာ လာခဲ့ပါသည်။ ထိုကဲ့သို့ အရုပ်ဆိုး၊ အကျည်းတန်သောဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်လာစေရန်အတွက် လည်းကောင်း၊ အပြုသဘော ဆောင်သည့် ပြုပြင်မှုမျိုးကို ပြည်သူ တစ်ယောက်အနေဖြင့် ပြုပြင်ထိန်းသိမ်းပေးလိုသော ဆန္ဒတစ်ခုဖြင့်လည်းကောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။ အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း < Thanks Re-posted By ACM 21-9-2013 https://www.facebook.com/excellencemedia http://pktkmk.blogspot.com/?m=1
No comments:
Post a Comment