Wednesday, September 4, 2013

">လာဘ်ငွေယူကာ အာဏာအလွဲသုံးစား လုပ်မှုဖြင့် စွပ်စွဲခံထားရသော ပြည်နယ်တရားသူကြီးအား ရခိုင်ပြည်နယ် လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးနေပြီ

 Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia Created on Wednesday, 04 September

2013 19:59 သမ္မတက ခန့်ထားသည့် ပြည်နယ်တရားသူကြီးအား လာဘ်ငွေယူကာ အာဏာအလွဲသုံးစား လုပ်မှုဖြင့် ပြည်နယ်လွှတ်တော်၏ စွပ်စွဲမှုကို ရင်ဆိုင်နေရခြင်းအား ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောကြားသည်။ စွပ်စွဲခံရသူ ပြည်နယ်တရားသူကြီး ဒေါ်စီစီမှာ ၂၀၁၁ ခုနှစ် မတ်လတွင် နိုင်ငံတော်သမ္မတ၏ အမိန့်အရ ခန့်အပ်တာဝန် ပေးထားသူဖြစ်ပြီး သြဂုတ် ၂၆ ရက်က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ်၊ သတ္တမပုံမှန် အစည်းအဝေး၌ ကိုယ်စားလှယ် ၁၄ ဦးက ဒေါ်စီစီအား ဆန်စပါး အရောင်းအ၀ယ် ကိစ္စဖြင့် ငွေလိမ်သူတစ်ဦးအပေါ် လာဘ်ငွေယူ၍ အကာအကွယ် ပေးသည်ဟု စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် လွှတ်တော်သည် ယင်းအမှုကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်ငါးဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သြဂုတ် ၃၀ ရက်က ဖွဲ့စည်းခဲ့ပြီး ကော်မရှင်သည် စက်တင်ဘာ ၂ ရက်မှ အောက်တိုဘာ ၁၆ ရက်အတွင်း စုံစမ်းမှုကို ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်မြကျော်က "ကော်မရှင်က သတ်မှတ်ကာလ အတွင်းမှာ စုံစမ်းမှုတွေ လုပ်ပြီးတဲ့အခါ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်သို့ ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက လက်ခံရင် ဒေါ်စီစီအနေနဲ့ ရာထူးကနေ ဖယ်ရှားခံရကောင်း ခံရနိုင်ပါတယ်" ဟု ပြောကြားသည်။ အမှုဖြစ်စဉ်မှာ မြောက်ဦးမြို့မှ ဒေါ်မသန်းတင်ဆိုသူက ဆန်စပါးရောင်းဝယ်ရာတွင် ကျပ်သိန်း ၄၃၀၀ ကျော်ကို လိမ်လည်ခဲ့သည်ဆိုကာ ဒေသခံ ၉၀ ကျော်က မြို့နယ်တရားရုံး၌ စွဲဆိုစဉ် ပြည်နယ်တရားသူကြီး ဒေါ်စီစီက လာဘ်ငွေယူ၍ အမှုကို ပယ်ချခဲ့သည်ဟု တရားလိုဘက်က ပြည်နယ်လွှတ်တော်သို့ တိုင်တန်းလာသောကြောင့် ယခုကဲ့သို့ အဆိုတင်သွင်း ခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောကြားသည်။ ပြည်နယ်လွှတ်တော် ဥပဒေအကြံပေးအဖွဲ့ဝင် ဦးကောင်းစံရှီက ရခိုင်ပြည်နယ် လွှတ်တော်သက်တမ်း၌ လွှတ်တော်မှ အရာရှိတစ်ဦးအား စစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၁၁ အရ စွပ်စွဲပြစ်တင်မှု မှန်ကန်၍ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်တော့ဟု ဆုံးဖြတ်လျှင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ၀န်ကြီးချုပ်မှတစ်ဆင့် သမ္မတကို တင်ပြရမည်ဖြစ်ပြီး သမ္မတက စွပ်စွဲပြစ်တင် ခံရသူကို ရာထူးမှ ရပ်စဲရမည်ဖြစ်ကြောင်း ပြောကြားသည်။ ရခိုင်ပြည်နယ် လွှတ်တော်၏ စွပ်စွဲမှုများနှင့် ပတ်သက်၍ တရားသူကြီး ဒေါ်စီစီ၏ အိမ်ဖုန်းနှင့် လက်ကိုင်ဖုန်းအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment