Thursday, September 12, 2013

ကျောက်သင်ပုန်း ထုတ်လုပ်မှု ပျောက်ကွယ်သွားဖွယ်ရှိနေ သတင်း / 20 hours ago

  မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် ကျောက်သင်ပုန်းသုံးစွဲမှု မရှိသလောက် ရှားပါးလာသောကြောင့် ထုတ်လုပ် သူ လုပ်ငန်းရှင်များ ... မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် ကျောက်သင်ပုန်းသုံးစွဲမှု မရှိသလောက် ရှားပါးလာသောကြောင့် ထုတ်လုပ် သူ လုပ်ငန်းရှင်များ လျော့နည်းလာပြီး ရိုးရာလက်မှု ပညာရပ်တစ်ခု ကွယ်ပျောက်သွားဖွယ်ရှိကြောင်း ဘီလူးကျွန်း ချောင်းဆုံကျေးရွာရှိ ထုတ်လုပ်သူများကသုံးသပ်သည်။ ယခင်က မြန်မာနိုင်ငံတ၀န်းလုံးရှိ အစိုးရစာသင်ကျောင်း မူလတန်းအဆင့်တွင် ကျောက်သင်ပုန်းကို အသုံးပြုခဲ့ရာမှ ရန်ကုန်တွင် ၁၉၉၄ ခုနှစ်မှစ၍ အသုံးမပြုတော့ဘဲ နယ်အချို့တွင်သာ အနည်းငယ်ဆက်လက် အသုံးပြုသည်။ မွန်ပြည်နယ်၊ မုဒုံမြို့မှ ကျောင်းသားမိဘတစ်ဦးက “အခုကျောင်းမှာ ဗလာစာအုပ်တွေ အလကားပေးနေတော့ ကျောက်သင်ပုန်းမသုံးကြတော့ဘူး။ ကလေးတွေ အိမ်မှာ သင်္ချာတွက်ဖို့လောက်ပဲ နည်းနည်းသုံး ကြတယ်။ တချို့ရွာကျောင်းတွေမှာတောင် မသုံးကြတော့ဘူး” ဟုပြောသည်။ မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းစသည်တို့တွင် သင်ပုန်းကျောက်ထွက်ရှိသော်လည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ မုဒွန်းကျေးရွာရှိ သင်ပုန်းကျောက် ကိုသာ ကျောင်းသုံး ကျောက်သင်ပုန်း အဖြစ် ထုတ်လုပ်နိုင်သည်။ အသုံးပြုသူနည်းပါးလာခြင်းနှင့်အတူ ၀ယ်လိုအားကျဆင်းလာခြင်း၊ လုပ်အားခမြင့်တက်လာခြင်း၊ အလုပ်သမား ရှားပါးလာခြင်းတို့ကြောင့် လွန်ခဲ့သည့် ဆယ်နှစ်ခန့်မှစပြီး ကျောက်သင်ပုန်း ထုတ်လုပ်မှုများ တဖြည်းဖြည်းရပ်နားခဲ့ ကြခြင်းဖြစ်ကြောင်း ထုတ်လုပ်သူများက ပြောသည်။ ယခင်က မုဒွန်းကျေးရွာ အနောက်တောင်ဘက်ရှိ မုဆိုးမတောင်တွင် သင်ပုန်းကျောက် တူးဖော်သည့်တွင်း ပေါင်း ၂၀ ခန့်ရှိခဲ့သော်လည်း ယခုငါးတွင်းသာ ကျန်ရှိတော့ကာ ကျောက်သင်ပုန်း အချောထည် ထုတ်လုပ်သည့် အိမ်ပေါင်း ရာချီရှိရာမှာ ယခု ၃၀ ခန့်သာ ကျန်ရှိတော့သည်ဟု အနှစ် ၂၀ ကျော် ကျောက်သင်ပုန်း လုပ်ငန်းဖြင့် အသက်မွေးလာသူ မုဒွန်းရွာခံနိုင်အောင်လွင်က ပြောသည်။ “ကျွန်တော်တို့ ဘိုးဘွားတွေ လက်ထက်ကတည်းက လုပ်လာတဲ့အလုပ်မို့ ဆက်ပြီးလုပ်နေရတာ။ အလုပ်သမားက ရှား၊ ၀ယ်တဲ့လူကနည်း၊ အန္တရာယ်လည်းများတော့ ကြာရင်ဒီအလုပ်ကို ဆက်ပြီးထိန်းထားဖို့မ လွယ်တော့ဘူး” ဟု သူကပြောသည်။ သင်ပုန်းကျောက် ရရှိရန်အတွက် ပေ ၁၀၀ ၀န်းကျင်မှ ပေ ၂၀၀ ရှိ တွင်းနက်များ တူးဖော်ခြင်း၊ တောင်ကို လိုဏ်ခေါင်း သဏ္ဍာန် ဖောက်ကာ တူးဖော်ခြင်းများ ပြုလုပ်ရပြီး တစ်ခါတစ်ရံ မြေပြိုကျခြင်း၊ ကျောက်ပြုတ်ကျခြင်း တို့ကြောင့် သေဆုံးဒဏ်ရာရသူများလည်း ရှိသည့်အတွက် အန္တရာယ်များသည့် အလုပ်တစ်ခု ဖြစ်သည်။ ကျောက်သင်ပုန်းထုတ်လုပ်ရာတွင် ကျောက်အကြမ်းတုံးကို အလွှာလိုက်ခွဲပြီး လိုအပ်သည့် အရွယ်ဖြတ်ခြင်း၊ ရွေပေါ် ထိုးခြင်း၊ ပုံသွင်းခြင်း၊ ရေဆေးခြင်း၊ နေပူလှန်းခြင်း၊ ဆေးသုတ်ခြင်း၊ ဘောင်သွင်းခြင်းစသည် တို့ကို အဆင့်ဆင့် ပြုလုပ်ရသည်။ သင်ပုန်းကျောက် တူးဖော်နိုင်ရန်အတွက် မိုးနည်းသည့် စက်တင်ဘာလတွင် တွင်းဖော်ခြင်းစသည့် ပြင်ဆင်မှုများ ကို ပြုလုပ်ကြရပြီး နိုဝင်ဘာလခန့်တွင် စတင်တူးဖော်ကာ မိုးဦးကျဖြစ်သည့် ဧပြီလခန့်တွင် ရပ်နားကြသည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment